ကျွန်းစု ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ရာဘာများ တရားမဝင်တင်ပို့မှု မရှိစေရေးအတွက် ကတန်ကျွန်းပေါ်ရှိ ကျေးရွာများမှ ရာဘာစိုက်ပျိုးသူများနှင့် ညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင် ပါဝင်သည့် စီးပွားရေးကဏ္ဍ၏ ဒုတိယအချက်ဖြစ်သည့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့်အတိုင်း ကျွန်းစုမြို့နယ်တွင် ရာဘာများ တင်ပို့ရောင်းချရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စီးပွားရေး သက်တမ်းလွန် ရာဘာပင်အိုများအား စနစ်တကျခုတ်လှဲ၍ မျိုးကောင်းမျိုးသန့်များဖြင့် ပြန်လည်အစားထိုးစိုက်ပျိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ ရာဘာစိုက်ပျိုးသူများအနေဖြင့် ရာဘာပင်အိုများ ခုတ်လှဲရာတွင် ဌာနများမှ ခွင့်ပြုချက်တောင်းခံ၍ စနစ်တကျခုတ်လှဲရန်၊ သက်ဆိုင်ရာဌာနများအနေဖြင့် စံပြုလုပ်ငန်းစဉ်(SOP)နှင့်အညီ ခွင့်ပြုဆောင်ရွက်ရန်၊ ပြန်လည်စိုက်ပျိုးရာ မျိုးကောင်းမျိုးသန့်များ စနစ်တကျ ဖြန့်ဖြူးပေးနိုင်ရေးတို့အား ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန့်က ရာဘာများ ရောင်းဝယ်ရာတွင် တရားဝင် ခွင့်ပြုချက်ရရှိထားသော အဝယ်ဒိုင်များတွင် ရောင်းဝယ်မှုပြုလုပ်ရန်အား လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်ကေသွယ်က တရားမဝင်ကုန်သွယ်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအား လည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးဆွေးနွေးပြောကြားခဲ့ရာ ရာဘာစိုက်ပျိုးသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ဥက္ကဋ္ဌဦးအောင်စန်းဝင်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ အစည်းအဝေးတွင် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ကတန်ကျွန်းပေါ်ရှိ ကတ္တလူကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာအုပ်စု၊ ကပကျေးရွာအုပ်စု၊ တာရပိုင်းကျေးရွာအုပ်စုများမှ ရာဘာစိုက်ပျိုးသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)