ကျောက်ကြီး ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး အစည်းအဝေးခန်းမ၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ မိုင်းကြောင့်ကိုယ်အင်္ဂါ စွန့်လွှတ်လိုက်ရသူများပူးပေါင်းပြီး မိုင်းအန္တရာယ် အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမင်းမြတ်ဘုန်းက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ကြက်ခြေနီတပ်ဖွဲ့သည် အခြေခံမူ (၇) ချက်ဖြင့် ရပ်တည်ပုံများ၊ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်၊ ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးအန္တရာယ်ကျရောက်မှုကို ကာကွယ်ရန်ဆိုသည့် လုပ်ငန်းစဥ်များအကြောင်း အသိပညာပေးပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ အလုပ်အမှုဆောင် ဦးသိန်းထွဋ်အေးက ယခုအစီအစဥ်အား ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မိုင်းအန္တရာယ် အသိပညာပေးဖြန့်ဝေရာတွင် ပိုမိုအကျိုးရှိအောင် မိုင်းဒဏ်ခံစားရသူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသော ဇွဲမာန်မသန်စွမ်းအသင်းဥက္ကဋ္ဌ ဦးစန်းလွင်က မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ ကိုယ်အင်္ဂါစွန့်လွှတ်လိုက်ရသူများ ဘဝကိုအရှုံးမပေးဘဲ ရပ်တည်နိုင်ကြောင်း ယခုဆိုလျှင် ကျောက်ကြီးမြို့နယ်၌ မသန်စွမ်းသူများအသင်းအဖွဲ့ ဖွဲ့စည်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ဘဝတူ မိုင်းဒဏ်ခံစားရသူများတွေ့လျှင် ဖေးမကူညီပေးလျက်ရှိကြောင်းပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ကျော်ဦးလွင်က စစ်လက်နက်ပစ္စည်းဖြစ်သော မြေမြှုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းများ၏ အန္တရာယ်ကြီးပုံများ၊ မိုင်းအန္တရာယ်သတိပေး ထားရှိတတ်ပုံများအား ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ကျောက်ကြီးမြို့နယ်အတွင်းရှိ မိုင်းကြောင့်ကိုယ်အင်္ဂါစွန့်လွှတ်လိုက်ရသူ (၃၀) ဦးတက်ရောက်၍ တက်ရောက်လာသူများက မိမိတို့ကိုယ့်တွေ့ခံစားရသည်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ်အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ရုပ်ပုံစာအုပ်များ ဝေငှဖတ်ရှုစေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)