ရွှေတောင် ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှု ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဦးစီးဌာနတို့မှ ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းအကျိုးတော်ဆောင်ဆရာ/ ဆရာမ၊ မိဘ၊ ကျောင်းသား/ ကျောင်းသူများ တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၊ ရွှေတောင်မြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ ရွှေကူဓမ္မာရုံနှင့် ရွှေတောင်မြို့နယ်၊ ကွေ့မကျေးရွာအုပ်စု၊ စိုက်ပျိုးရေးစင်တာတို့တွင် တောင်သူများနှင့်တွေ့ဆုံ၍ သက်တမ်းတိုအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် စိုက်နည်းစနစ်ပြောင်းလဲစေရေး၊ ကြဲခင်းများ လုံးဝ (လုံးဝ) စိုက်ပျိုးခြင်းမပြုရန်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်နှင့် ဆားငံရည်စိမ်မျိုးရွေးချယ်ခြင်းတို့အား အသေးစိတ်ရှင်းလင်းဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသောတောင်သူများမှ မျိုးလိုအပ်ချက်နှင့် သွင်းအားစုလိုအပ်ချက်များအပေါ် ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)