ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်မှ နွေစပါးလျာထားဧက ၅၀၀ အတွက် ပျိုးထောင်ရေများပေးဝေ

ငဖဲ ဖေဖော်ဝါရီ ၁၄

ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာများတွင် နွေစပါးစိုက်ပျိုးရန် လျာထားဧက ၅၀၀ အတွက် စတင်ပျိုးထောင်စိုက်ပျိုးနိုင်ရန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစ၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာအတွင်းရှိ မြောင်းလက်တံအလိုက် နွေစပါးများ ပျိုးထောင်စိုက်ပျိုးရန် လျာထားမှုအနေဖြင့် လက်ဝဲမြောင်းမကြီးရှိ ကျေးရွာအုပ်စု(၂)အုပ်စု ကွင်းပေါင်း(၄)ကွင်းတွင် လျာထားဧက(၁၀၀)၊ လက်ယာမြောင်းမကြီးတစ်လျှောက်ရှိ ကျေးရွာအုပ်စု(၆)အုပ်စု ကွင်းပေါင်း(၉)ကွင်းတွင် လျာထားဧက(၄၀၀) စုစုပေါင်းဧက(၅၀၀) လျာထားကြောင်း သိရသည်။

အဆိုပါ မန်းချောင်းရေလှောင်တမံ၏ ကန်ရေပြည့်ရေသိုလှောင်ပမာဏမှာ ၁၂၀၀၀၀ ဧကပေဖြစ်ပြီး ယနေ့လက်ရှိ ရေသိုလှောင်ပမာဏမှာ ၁၀၆၆၅၀ ဧက၊ ရေအမှတ် ၆၂၁.၁၀ ပေ ရှိတာဖြစ်တဲ့အတွက် ဆည်ရေပေးဝေနိုင်တဲ့ဧရိယာမှာ နွေစပါးဧက ၅၀၀ စိုက်ပျိုးဖို့လျာထားကြောင်း၊ မန်းတမံဆည်မှ မန်းရွှေစက် ဘုရားပွဲတော်အတွက် ဆည်ရေပေးဝေရင်းနွေစပါးများ ပျိုးထောင်နိုင်ရန်အတွက်ပါ ထပ်ဆောင်း၍ ဆည်ရေပေးဝေလျက်ရှိကြောင်း၊ ယခင်နှစ်က ဆည်အတွင်း ရေဝင်ရောက်မှုနည်းပါး၍ နွေစပါးအနည်းငယ်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဆည်ရေအပြည့်အဝရှိသည့်အတွက် နွေစပါးစိုက်ပျိုးရန် ဆည်ရေလုံလောက်စွာ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။   

မယု(ငဖဲ)