ရေတာရှည် ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က အမှတ် ၆ ရပ်ကွက်အတွင်းနေအိမ်များ၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကောင်းထက်နိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများကနေအိမ်များတွင်မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများသို လှောင်ထားခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးဖိုများဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်း၊မီးကျန်များအား စနစ်တကျ မီးငြိမ်းသတ်ကြရန်နှင့် မတော်တဆမီးလောင်မှုဖြစ်ပွားပါက ပြည်သူများကိုယ်တိုင် မီးငြှိမ်းသတ်နိုင်သည့်နည်းစနစ်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များနှင့် မီးလောင်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ် စသည်တို့ကို စစ်ဆေးအကြံပြုလမ်းညွှန်မှာကြားခဲ့ကြသည်။
အဆိုပါ ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကျန်ရှိသည့်ရပ်ကွက်/ကျေးရွာများတွင် နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ အသိပညာပေးဟောပြောခြင်းများကို နေ့စဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)