သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ   

သဲကုန်း ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်​နေ့က မင်းလှအုပ်စု၊ မ​ကြီးကိုကြီးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သဲကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့် ဒေသဖွံ့ဖြိုးရေးဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည်  ဒေသခံ​တောင်သူများနှင့်တွေ့ဆုံပြီး သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆင်​မြီးဆွဲမြို့အုပ်ချုပ်ရေးမှူး ဦး​​ဝေဖြိုးကျော်က မိမိတို့ကျေးရွာအတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေးစသည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန် လာရောက်ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျေးရွာများ၏လိုအပ်ချက်များအား ဆွေးနွေးကြရန်ရှင်းလင်း​​ပြောကြားသည်။ ဆက်လက်ပြီးပူးပေါင်းအဖွဲ့တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အမျိုးသားမှတ်ပုံတင်ဥပဒေ အသိပညာပေးခြင်း၊ စားသုံးသူကာကွယ်ရေး၏ ဥပဒေနှင့် စားသုံးသူများအခွင့်အရေးစသည်တို့အား မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီးများကို ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူ (၄၅) ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုကျော် (ပြန်/ဆက်)