လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်  စာဖတ်ဝိုင်း ပြုလုပ်

လိပ်သို     ဖေဖော်ဝါရီ      ၁၄

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့်  စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်  ၁၀ နာရီအချိန်က Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော “လူငယ်နှင့် အကောင်းဆုံး သောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတများ၊ အမှား၊အမှန်ကို ဝေဖန်သုံးသပ်နိုင်သည့် ဆင်ခြင်တုံတရားများ တိုးပွားလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောဝေယံဖြိုးလွင်က “လူငယ်နှင့်စူးစမ်းစိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နော်ဖြိုးငယ်မြင့်က “လူငယ်နှင့် အောင်မြင်ခြင်း” ခေါင်းစဉ်မှ “အောင်မြင်မှုသည် ကျွန်မတို့ကို စောင့်နေကြောင်း၊ ကမ္ဘာကြီးမှာ လုပ်စရာအများကြီးရှိကြောင်း၊ ကျွန်မတို့ကိုယ်တိုင် ရိုးသားစွာ ကျင့်ကြံ၊ မှန်ကန်စွာ လုပ်ကိုင်ခြင်းဖြင့် ဘဝအောင်မြင်မှုပန်းတိုင်ဆီသို့ ကြိုးစားလျှောက်လှမ်းရမှာ ဖြစ်ကြောင်း” စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်း တက်ရောက်လာသူ Book Club အဖွဲ့ဝင်များက ဖတ်ကြားဆွေးနွေးခဲ့သော ခေါင်းစဉ်များအပေါ် မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန် မေးမြန်းဆွေးနွေးပြီးနောက်   လာမည့်စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးရန် စာအုပ်အား စုပေါင်းရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)