ပေါင်းတည်၌ လယ်ယာကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ပေါင်းတည် ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နွေစပါးအထွက်နှုန်း တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေးတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့သည် နွေစပါးစိုက်ပျိုးရေးစီမံကိန်းစိုက်ပျိုးခင်းများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လယ်ဦးစုကျေးရွာအုပ်စု စိုက်ပျိုးမြေများသို့ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ယင်းနောက် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆည်ရေအသုံးပြု၍ နွေစပါးစိုက်ပျိုးမည့် WUG တောင်သူများနှင့် လယ်ဦးစုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်တွေ့ဆုံကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံတစ်ဝှန်းဒေသအလိုက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ပရိုဂျက်တာဖြင့်ရှင်းလင်းပြသကာ ရေခံမြေခံကောင်းသော မိမိတို့ဒေသအနေဖြင့် လယ်ယာကုန်ထုတ်လုပ်မှုမြင့်မားအောင် ဆောင်ရွက်နိုင်​ကြောင်းကို ရှင်းလင်းပြသကာ ကြိုးပမ်းအားထုတ်စေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးသည် မှတ်တိုင်နှင့် မြောက်ကုန်းကြီးကျေးရွာအုပ်စု အတွင်းရှိ နွေစပါးစိုက်ပျိုးမြေများတွင် ထွန်ယက်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)