ကြံခင်း ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံဖြိုးတိုးတက်စေရန်၊ ဖြတ်ထိုးဉာဏ် ရင့်သန်စေရန်နှင့် စာပေဖတ်ရှုသော အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး ပုံပြောပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း လုပ်ငန်းများကို ယမန်နေ့က ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက (၁၀၉)နှစ်မြောက်၊ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲကျင်းပခဲ့ရာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ ပုံပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားပြီးနောက်၊ ပြိုင်ပွဲကျင်းပရာ အခြေခံပညာမူလတန်းအဆင့် (ပန်းရံစု)ကျောင်းမှ (Grade-1)နှင့် (Grade-2)ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးတို့က ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ပုံပြင်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဆုလက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများက ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် စာအုပ်၊ စာစောင်များဖတ်ရှုခြင်း၊ အသိပညာပေး နံရံကပ်စာစောင် ပြသထားခြင်းအား စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
ထို့နောက် နေ့လည်ပိုင်းတွင် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် ဝန်ထမ်းများက (အ.မ.က) သဲဖြုကျောင်းသို့ နယ်လှည့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးရဲကြူနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးတို့ဖြင့် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန် စာဖတ်ဝိုင်းများ၊ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများ ကျင်းပပြုလုပ်ပေးရာ စိတ်ပါဝင်စားစွာ တက်ရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)