ဇလွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ဇလွန် ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ညောင်ပင်စျေးရပ်ကွက် Grand Max စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့ နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့​ကြသည်။

အသိပညာပေးဟောပြောပွဲတွင် ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာန ဒု - ဦးစီးမှူး ဦးချစ်လွင်ထွေးက မီးဘေးလုံခြုံရေးပစ္စည်းကိရိယာများ ပြည့်စုံစွာထားရှိရန်၊ မီးဘေးအန္တရာယ် အရေးပေါ်အခြေ အနေဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့်လုပ်ငန်းများအား အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော  မြို့ပေါ်စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်း များအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြ သည်။ ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာန ဒု-ဦးစီးမှူး ဦးချစ်လွင်ထွေးနှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများအား မီးသတ်ဆေးဘူး၏ အချက်အလက် များ၊ အသုံးပြုပုံနှင့် လက်​တွေ့မီးငြှိမ်းသတ် နည်းများ၊ Foam ဆေးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ  စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထူးပြည့်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒု- ဦးစီးမှူး ဦးချစ်လွင်ထွေးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဇလွန်မြို့နယ် မီးသတ် ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ညွှန်ကြားချက်များနှင့် အညီ မီးဘေး လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ စျေးများ၊ ကျောင်းများ၊ တည်းခိုခန်းများ၊ စက်ရုံအလုပ်ရုံများ၊ သာသနိကအဆောက်ဦများ၊ လူနေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် နေ့စဥ်အရှိန်အဟုန်မြှင့် လိုက်လံစစ်ဆေးအကြံပြုသတိပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)