ဒေးဒရဲမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVE)များ အသုံးပြု၍ လက်တွေ့စမ်းသပ်မဲ​ပေး​ခြင်းဆိုင်ရာ အသိပညာပေး သရုပ်ပြပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVE) များဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းဆိုင်ရာ အသိပညာပေး သရုပ်ပြပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ အသင်းအဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးအောင်မြတ်သူက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVE)ဖြင့် အသုံးပြု၍ လက်တွေ့စမ်းသပ် မဲပေးခြင်းဆိုင်ရာ အသိပညာပေး သရုပ်ပြပွဲကျင်းပနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများ စီစဥ်ဆောင်ရွက်ထားမှု၊ စက်ပစ္စည်းကိရိယာများ ပြင်ဆင်ထားရှိမှုနှင့် လာရောက်လေ့လာမည့် ပြည်သူများအား နေထိုင်ရာများ ပြင်ဆင်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က လိုအပ်ချက်များကို ဖြည့်စွက်မှာကြား ပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ​မြန်မာအီလက်ထရေနစ်မဲပေးစက် (MEVE) အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသော မဲရလဒ်များ ရရှိနိုင်ခြင်း၊ ရေရှည်တွင်ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာ ကြေငြာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

အေးဇာလင်း(ပြန်/ဆက်)