ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ငပုတော ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ငပုတောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ရာဇာစိုး၊ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး ဖွင့်ပွဲကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် ကိစ္စရပ်များ၊ ရုံးပတ်ဝန်ကျင် သန့်ရှင်းစေရေးနှင့် ရုံးဆိုင်းဘုတ်၊ အလံများ သစ်လွင်တောက်ပစေရေး၊ ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပနိုင်ရေးအ‌တွက် ကြိုတင်ပြင်ဆင်ဆောင်ရွပ်ထားရန် ကိစ္စရပ်များ၊ မြို့သန့်ရှင်း သာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် မျိုးကောင်း မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး ရာဇာစိုးက နယ်မြေလုံခြုံရေးကိစ္စများနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် လုံခြုံရေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များ ပြန်လည်တင်ပြလာမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတော)