ကော့သောင်း နိုဝင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကြိုတင်မဲပေးနေမှုများအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များက ကော့သောင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် သတ်မှတ်မဲပေးကြမည့် မဲရုံများတွင် အသက် (၆၀) နှင့်အထက် ပြည်သူများ ကြိုတင်မဲပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံကာ ဆောင်ရွက်လျက်ရှိသည့် သတ်မှတ်မဲရုံများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်မှုရှိမရှိ၊ မဲရုံများတွင် တာဝန်ယူ ဆောင်ရွက်ကြမည့်သူများအနေဖြင့် ရောဂါပိုးကူးစက်မခံရရေးစည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်မှုရှိမရှိ၊ လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု အခြေ အနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရွက်ကြရန် ကြည့်ရှု စစ်ဆေး အကြံပြုလမ်းညွှန်မှာကြားခဲ့သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) စုနှင့် မဲဆန္ဒရှင်စုစုပေါင်း (၁၁၂၆၀၃)ဦး ရှိရာ မဲရုံပေါင်း (၇၅)ရုံ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်မဲပေးကြမည့် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်ဦးရေ (၁၀၁၄၄) ဦးရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)