ဘိုကလေး ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ယနေ့ နံနက်(၉)နာရီ ခွဲအချိန်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးပုံအား သရုပ်ပြခြင်းဆောင်ရွက်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကျင်းပ ဆောင်ရွက်ခဲ့ သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့်အတူ ၎င်းမဲပေးစနစ်သည် ရိုးရှင်းပြီး အင်မတန်လုံခြုံစိတ်ချရသည့် စနစ်ဖြစ်ကြောင်းအဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးဇော်လင်းဦးက မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးမှုနှင့် စပ်လျဉ်းသည်များကို Power Point ဖြင့် ပြသရှင်းလင်းခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို တက်ရောက်လာကြသူ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက် ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့မဲပေးလေ့လာခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးဇော်လင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့အပါအဝင် မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် နိုင်ငံရေးပါတီများ၊ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)