စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများအား ဆစ်ပိုး၊ ဖြုတ်ပိုးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်း နည်းပညာပေး ဆောင်ရွက်

မြင်းမူ နိုဝင်ဘာ ၂

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် စပါးစိုက်ခင်းများတွင် သီးနှံ ဖျက်ပိုးများ ကျရောက်ကာ သီးနှံထွက်ရှိမှု မလျော့ကျစေရေးအတွက် ပိုးမွှားအန္တရာယ်ကာကွယ်ရေးနည်း ပညာပေးလုပ်ငန်းများကို   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက    ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရှိရ သည်။

နည်းပညာပေး လုပ်ငန်းများကို ဒေသခံတောင်သူများနှင့်အတူ မြင်းမူမြို့နယ်အတွင်းရှိ ကန်ဖျားကျေးရွာနှင့် နဘဲကြူးကျေးရွာများတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ (CERP)ဖြင့် စိုက်ပျိုးထားရှိသည့် မျိုးစေ့ထုတ် ဧရာမင်း(၂)ဧကနှင့် ပေါ်ဆန်းယဉ်(၅)ဧကမိုးစပါးစိုက်ခင်းများတွင် အကျိုးပြု မိတ်ဆွေပိုးနှင့်ဖျက် ပိုးများ ကိုခွဲခြားသိရှိနိုင်ရန် လက်တွေ့ပြသခြင်း၊ ဆစ်ပိုးနှင့်ဖြုတ်ပိုး အန္တရာယ်ကြိုတင်ကာကွယ် နှိမ်နင်းနည်းများနှင့် ဖြုတ်ပိုးများ၏ သဘာဝ အလေ့အကျင့်များကို သိရှိထားစေရန်အတွက် ယခုကဲ့သို့ ကွင်းဆင်းကာ နည်းပညာ ပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံဦးငြိမ်းချမ်းထံမှ သိရှိရသည်။

ထို့အပြင် ဘက်စုံပိုးမွှား ရောဂါကာကွယ်နှိမ်နင်းနည်းစနစ်နှင့်အတူ သဘာဝဂေဟစနစ် မပျက်စီးစေသည့် သဘာဝ ပိုးသတ်ဆေး၊ သဘာဝအားဆေးရည်၊ သဘာဝမြေဩဇာ(စူပါဘိုကာရှီ၊ EMဘိုကာရှီ) နှင့်သစ်ရွက်စိမ်း မြေဩဇာပြု လုပ် သုံးစွဲနည်းများကိုလည်း ဒေသခံတောင်သူများအား လက်တွေ့ပြုလုပ် သုံးစွဲနည်းများနှင့်ပတ်သက်၍  နည်းပညာ ပေးလုပ်ငန်းများကိုလည်း   ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။ 

 မြင်းမူမြို့နယ်  အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ(CERP)ဖြင့်   မိုးစပါး(၁၅၉)ဧကကို စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်း လျက်ရှိ​ကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)