ပြည် ဖေဖော်ဝါရီ ၁၄
ကျန်းမာရေးဝန်ကြီးဌာန မျက်စိအထူးကုဆရာဝန်ကြီးများ၏ မျက်စိအတွင်းတိမ် ခွဲစိတ်ကုသမှုအစီအစဉ်ဖြင့် ပြည်မြို့ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး ငါးထပ်ကုသဆောင်သစ်၌ ယမန်နေ့နံနက်ပိုင်းကစ၍ ဒေသတွင်းနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ပြသကြသော ရဟန်းရှင်လူပြည်သူများအား အခမဲ့မျက်စိအတွင်းတိမ်စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းကို ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၂ ရက်အထိ ၁၀ ရက်တိုင် ဆောင်ရွက်ပေးမည်ဖြစ်ကာ ယင်းကုသမှုအစီအစဉ်ကာလအတွင်း မည်သည့်ဒေသမဆို အသက်အရွယ်အပိုင်းအခြား လူမျိုးဘာသာမရွေး လာရောက်ပြသစမ်းသပ်စစ်ဆေးကုသမှုခံယူနိုင်ပြီး ယနေ့တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်း မြို့နယ်များအပါအဝင် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်နှင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ စုစုပေါင်း ရဟန်းရှင်လူပြည်သူ ၃၀၀ ခန့် မျက်စိအတွင်းတိမ် လာရောက်ပြသ စမ်းသပ်စစ်ဆေးကုသမှုများ ခံယူလျက်ရှိကြောင်း ဆေးရုံတာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ မျက်စိအတွင်းတိမ်လာရောက်စမ်းသပ်စစ်ဆေးကုသမှု ခံယူသူများကို ရန်ကုန်မြို့မှ မျက်စိအထူးကုဆရာဝန်ကြီး ၂ ဦးနှင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီး ၂ ဦးတို့က ခေတ်မီစက်ကိရိယာများဖြင့် အရင်ဦးဆုံးစမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး ခွဲစိတ်ရန်လိုအပ်သူများကို ချက်ချင်းခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကာ ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးဦးဆောင်သော ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများက လူနာများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို အနီးကပ်ကြီးကြပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)