တမူး ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ဒေသခံအများစုသည် မိမိတို့ခြံဝန်းအတွင်း စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းချဥ်၊ သခွား၊ ရုံးပတီ၊ ခရမ်းသီး၊ ချဥ်ပေါင်၊ ဗူး၊ ဆလပ်၊ ကန်ဇွန်းရွက်၊ နံနံ၊ မုံညှင်း၊ ခဝဲ စသည့် စားဖိုဆောင်ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးစားသုံးမှု ပိုမိုများပြားလာကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးစားသုံးခြင်းဖြင့် လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို စားသုံးရပြီး ကျန်းမာရေးနှင့် ညီညွက်သည့်အပြင် မီးဖိုချောင်စရိတ်လဲ သက်သာစေကြောင်း သိရသည်။
"စိုက်ဖို့ပျိုးဖို့ဆိုလည်း အချိန်သိပ်ပြီး မပေးရဘူး အိမ်မှုကိစ္စတွေလုပ်နေရင်း လုပ်လို့ရတယ်... မျိုးအနေနဲ့လည်း ဝယ်စရာမလိုဘူး...အဦးအဖျားအသီး အလုံးလှတဲ့အသီးကို မျိုးအဖြစ်ထားလိုက်ရုံပါပဲ... အိမ်ဝိုင်းထဲမှာ ဓာတုဆေးဝါးတွေမသုံးဘဲ စိုက်တာဆိုတော့ လတ်လတ်ဆတ်ဆတ်စားရသလို ပိုတော့လည်း ရောင်းရတာပ"ဟု ဟဲဇင်းကျေးရွာရှိ ဒေသခံတစ်ဦးထံမှ သိရသည်။
ယခုကဲ့သို့ ဒေသခံများအနေဖြင့် မိမိတို့၏ ခြံဝန်းအတွင်း စိုက်ပျိုးမြေများကို အလဟဿမဖြစ်စေဘဲ တနိုင်တပိုင် စိုက်ပျိုးစားသုံးကြခြင်းဖြင့် ကျန်းမာရေးနှင့်လည်းညီညွတ်ပြီး မီးဖိုချောင်စားရိတ်လည်း သက်သာစေသည့်အပြင် စျေးကွက်ဝယ်လိုအားကောင်းသည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးကြခြင်းဖြင့် မိသာစုစားဝတ်နေရေးကို ထောက်အကူဖြစ်စေ၍ အကျိုးအမြတ် ပိုမိုရရှိနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
တမူးခရိုင် (ပြန်/ဆက်)