ပွင့်ဖြူမြို့နယ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်း(၅)ခု အခမဲ့ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အားကစားသင်တန်း(၅)ခုကို ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။

အဆိုပါ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ဖွင့်လှစ်မည့် အားကစားနည်းသင်တန်းများမှာ ဘောလုံးအားကစားနည်း၊ ပိုက်ကျော်ခြင်းအားကစားနည်း၊ စစ်တုရင်အားကစားနည်း၊ စားပွဲတင်တင်းနစ်အားကစားနည်းနှင့် မြန်မာ့သိုင်းပညာအားကစားနည်း စသည့် အားကစားနည်း(၅)ခုကို အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းအမျိုးအစားအလိုက် အားကစားဝါသနာရှင် မည်သူမဆို တက်ရောက်သင်ကြားနိုင်ကြောင်းနှင့် သင်တန်းကာလမှာ မတ်လ ၅ ရက် နေ့မှ ၂၅ ရက်နေ့အထိ (၄)ပတ်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နွေရာသီကျောင်းပိတ်ရက်ကာလမှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဒေသတွင်းရှိ အားကစားဝါသနာရှင် လူငယ်မောင်မယ်များကို ကိုယ်ကာယကျန်းမာကြံ့ခိုင်စေဖို့၊ အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချပြီးတော့ နည်းစနစ်မှန်ကန်စွာနဲ့ အားကစားလေ့ကျင့်ခြင်းဖြင့် ထူးချွန်ထက်မြက်တဲ့ အားကစားသမားများ ပေါ်ထွန်းလာစေဖို့နဲ့ မြို့နယ်အတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ စတဲ့ရည်ရွယ်ချက်ဖြင့် နွေရာသီအားကစားသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးဖို့ စီစဉ်ထားပါတယ်။ ဖွင့်လှစ်သင်ကြားပေးမယ့် သင်တန်းတွေကတော့ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်းပညာစတဲ့ အားကစားနည်း(၅)မျိုးကို သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းတစ်ခုချင်းရဲ့ သင်တန်းကာလက မတ်လ ၅ ရက်နေ့ကစပြီး ၂၅ ရက်နေ့အထိ (၄)ပတ်ကြာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကို အားကစားဝါသနာရှင် မည်သူမဆို တက်ရောက်သင်ကြားနိုင်ပြီး သင်တန်းတက်ရောက်မည့်သူများကို ဌာနအစီအစဉ်ဖြင့် သင်တန်းဝတ်စုံများကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ယခုဖွင့်လှစ်သင်ကြားပေးမယ့် သင်တန်းတွေကို တက်ရောက်ချင်သူများအနေနဲ့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဖုန်း ၀၉-၄၀၁၅၈၆၇၄၃ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်” ဟု မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ပြောသည်။

ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ဒေသတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်လူငယ်မောင်မယ်များကို ဖိတ်ခေါ်၍ မြို့နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်းပညာ စသည့်ကိုယ်လက်လှုပ်ရှားအားကစားသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)