ရိခေါ်ဒါရ် နိုဝင်ဘာ ၂
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲ ပေးခြင်းကို ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ယမန်နေ့မှစ၍ မြို့ပေါ်ရပ်ကွက်နှစ်ခုရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ တွင် ကြိုတင်မဲပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်မဲပေးရာတွင် အသက် (၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုဝင်ဘာ ၈ ရက်နေ့ တွင် ခရီးသွားရောက်မည့်သူများမှ ကြိုတင်ဆန္ဒမဲပေးထားခြင်းဖြစ်ပြီး ကြိုတင်ဆန္ဒမဲစတင်ပေးသည့် နိုဝင်ဘာ ၁ ရက်နေ့တွင် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁) ရပ်ကွက်၌ ကြိုတင် ဆန္ဒမဲပေးသူဦးရေ ကျား (၃၀)ဦး၊ မ (၄)ဦး၊ ပေါင်း (၃၄)ဦးနှင့် အမှတ်(၂)ရပ်ကွက်၌ ကျား (၃၂)ဦး၊ မ (၂၃)ဦး၊ ပေါင်း (၅၅)ဦး၊ စုစုပေါင်း ကျား (၆၂)ဦး၊ မ (၂၇)ဦး၊ စုစုပေါင်း (၈၉)ဦးရှိ ကြောင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာလ ၆ ရက်နေ့အထိ နေ့စဉ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့သည် ရပ်ကွက် နှစ်ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အမှတ်(၁)ရပ်ကွက်၌ မဲရုံတစ်ရုံနှင့် မဲဆန္ဒရှင် (၈၈၅)ဦး၊ အမှတ်(၂)ရပ်ကွက်၌ မဲရုံ (၃)ရုံနှင့် မဲဆန္ဒရှင် ၂၈၈၀ ဦး၊ စုစုပေါင်း မဲရုံ ၄ ရုံနှင့် မဲဆန္ဒရှင်ဦးရေ ၃၇၆၅ ဦးရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)