ကန့်ဘလူ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြီးခဲ့သည့်နှစ် ဩဂုတ်လဆန်းပိုင်းက စတင်ဆောက်လုပ်ခဲ့သော သုံးထပ်ကျောင်းဆောင်သစ် တည်ဆောက်မှုလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ရာ မကြာမီ ဖွင့်လှစ်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းဆောင်သစ်ကို ပြည်ထောင်စုအစိုးရ၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၆၅၂ ဒသမ ၇၀၇ သန်းဖြင့် နိုင်မြန်မာထွန်း ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေခြင်းဖြစ်ကာ ကျောင်းဆောင်သစ်သည် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေရှိ RCC သုံးထပ်အဆောက်အအုံဖြစ်သည်။ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ကန့်ဘလူမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများ၊ အခြားကျေးရွာများမှ ကျောင်းသား/ကျောင်းသူများလည်း လာရောက် ပညာသင်ကြားလျက်ရှိရာ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးပါက ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားမှုကို ပိုမိုအဆင်ပြေစေမည်ဖြစ်သည်။
ကျောင်းဆောင်သစ် ဆောက်လုပ်မှုအနေဖြင့် ကွန်ကရစ်လုပ်ငန်း အားလုံးပြီးစီးပြီး အုတ်စီချော၊ ဆေးသုတ်လုပ်ငန်း ပထမထပ်ပြီးစီးကာ ဒုတိယထပ်မှာတော့ အုတ်စီချော၊ ဆေးသုတ်နဲ့ အမိုး၊ ဒိုင်းလုပ်ငန်းများ အချိန်မီ ပြီးစီးရေးအတွက် လူအင်အားတိုးပြီးတော့ ဆောင်ရွက်လျက်ရှိကာ ဒီဖေဖော်ဝါရီလကုန် ပြီးစီးမှာ ဖြစ်ကြောင်းနှင့် စာချုပ်ပါအတိုင်း လုပ်ငန်းများဆောင်ရွက်မှု ရှိ/မရှိကိုလည်း မြို့နယ်စာရင်းစစ်ဌာနနှင့် မြို့နယ်ကြီးကြပ်ရေး ကော်မတီဝင်များကလည်း လာရောက်စစ်ဆေးခြင်းများ ရှိကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်သီဟက ပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)