ချောင်းသာမြို့ MAX စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ချောင်းသာ ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ချောင်းသာ-ပုသိမ် လမ်းမကြီးပေါ်ရှိ MAX စက်သုံး ဆီဆိုင်တွင် ယနေ့ နံနက် ၁၀ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ ချောင်းသာမြို့ မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးချစ်သဲမောင်က မီးဘေးကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အလျင် အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တက်ရောက်လာသူများနှင့် ဆိုင်ဝန်ထမ်းများအား ပြောကြားခဲ့သည်။

ထို့နောက် မြို့မီးသတ်ဦးစီးမှူး ဦး‌ဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများပူးပေါင်း၍ စက်သုံးဆီအရောင်းဆိုင်ရှိ ဆီသိုလှောင်ကန်များ၊ ဆီသည်ယာဥ်များ မီးလောင်မှုဖြစ်ပွားပါက လျင်မြန်စွာမီးငြှိမ်းသတ်နိုင်ရေးနှင့် အနီးပတ်ဝန်းကျင်သို့ မီးမကူးစက်နိုင်ရန် အတွက် အအေးပေးစနစ်ဖြင့် အပူရှိန်လျော့ချခြင်း၊ Foam ဆေးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ပူပေါင်းသရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)