ကျုံပျော် ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောင်ဆန်းရပ်ကွက်ရှိ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်အေးအေးမိုးက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဝန်ထမ်းများ၊ နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည် လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ရေရှည်တွင်ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာ ကြေငြာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို နံနက်ပိုင်း ၁၀ နာရီမှ ၁၂ ထိ ပထမပိုင်းနှင့် မွန်းလွဲ ၁ နာရီမှ ၃ နာအထိ ဒုတိယပိုင်းအဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး လက်တွေ့စမ်းသပ်မဲပေးကြသူများ အထူးနှစ်သက်ကြကြောင်း၊ အခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)