ပွင့်ဖြူ နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်နှင့် ဆိတ်မွေးမြူ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီခွဲက ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မွေးမြူထားရှိသည့် ဆိတ်အကောင်ရေ (၁၈၁) ကောင်အား သံချရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပျောက်ဆုံးမှုမရှိစေရေး Ear Tag(နားကပ်တပ်ခြင်း) များကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးက ကျေးလက်နေပြည်သူများအား တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့် ဆိတ်မွေးမြူရေးနည်းစနစ်များနှင့် တိရစ္ဆာန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်နည်းစနစ်များ၊ မွေးမြူရေးခြံသန့်ရှင်းရေးဆောင်ရွက်ရန် နည်းလမ်းများနှင့် သားလျှောရောဂါ မဖြစ်ပွားစေရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးဆွေးနွေးဟောပြောသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် ဝန်ထမ်းများအဖွဲ့က ဖလံကျင်း ကျေးရွာရှိ လူထုတိရစ္ဆာန် ကျန်းမာရေး လုပ်သားများနှင့် ပူးပေါင်း၍ ကျေးရွာနေပြည်သူများ မွေးမြူထား ရှိသော ဆိတ်အကောင်ရေ (၁၈၁)ကောင် အား သံချရောဂါ ၊ အဆုတ်ရောဂါ ၊ အစာအိမ်နှင့် အူလမ်း ကြောင်းရောဂါ ၊ ဆီးနှင့် ကျောက်ကပ်ရောဂါ ၊ သားလျှောရောဂါ ၊ သွေးအားနည်းရောဂါများ မဖြစ်ပွား စေရေး ကာကွယ်ဆေးများ ထိုးနှံပေးပြီး ဆိတ်တစ်ကောင်ချင်းစီ၏ ကျန်းမာရေးနှင့် အထွေထွေစစ်ဆေး မှု လွယ်ကူစေရန် Ear Tag (နားကပ်တပ်ခြင်း)များ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး ထံက သိရ သည်။
ရဲဝင်းနိုင် (ညောင်ဦး)