မြိတ် ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးပြည့်ဝစွာ ရရှိနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ၊ Biometric အချက်အလက်များစာရင်းများကို ကွင်းဆင်းကောက်ယူရာတွင် မြိတ်မြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံ ကုမ္ပဏီ ဝန်ထမ်းများ ပြုလုပ်နိုင်ရေးအတွက် ယမန်နေ့က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် ရှင်းလင်းဆွေးနွေးခဲ့သည်။
ရှင်းလင်းဆွေးတွေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသန့်ဇင်က ပြည်သူလူထုများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်နေမှုနှင့် Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ကွင်းဆင်းဆောင်ရွက်ရာတွင် စက်ရုံ/အလုပ်ရုံ ကုမ္ပဏီမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ ဝန်ထမ်းများကို ပြုလုပ်ပေးကြရန် ရှင်းလင်းပြောကြားသည်။
ထိုနောက် တက်ရောက်လာကြသည့် စက်ရုံ/အလုပ်ရုံ ကုမ္ပဏီမှ တာဝန်ရှိသူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တိုင်းဒေသကြီး ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားသည်။ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ဇန်နဝါရီ(၁)ရက်နေ့မှ စတင်၍ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး Biometric အချက် အလက်များ ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေး ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဇွန်(၃၀) ရက်မှ စတင်၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)