အင်းတော် ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဉက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်က အင်းတော်မြို့ အင်းမြသာယာ ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အောင်မင်္ဂလာရပ်ကွက်ဘောလုံးအသင်းနှင့် အောင်ချမ်းသာ ရပ်ကွက်ဘောလုံး အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြရာ အောင်ချမ်းသာရပ်ကွက် ဘောလုံးသင်းက အောင်မင်္ဂလာရပ်ကွက် ဘောလုံးအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိ ဗိုလ်စွဲသွားကြောင်း သိရသည်။ ၎င်းဘောလုံးပြိုင်ပွဲတွင် အင်းတော်မြို့ပေါ် (၄) ရပ်ကွက်မှ ဘောလုံးအသင်း (၄) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပတ်လည်အမှတ်ပေးစနစ်ဖြင့် စတင်ကစားခဲ့ကာ အမှတ်အများဆုံး နှစ်သင်းက ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားပြီးနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဘောလုံးပြိုင်ပွဲ တွင် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစား သမားဆုကိုအင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်မြင့်နိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော အောင်မင်္ဂလာဘောလုံးအသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ဒုတိယဆုငွေသားကျပ် နှစ်သိန်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲဗလလှတင့်ကလည်းကောင်း၊ ပထမဆုရရှိသော အောင်ချမ်းသာ ဘောလုံးအသင်းကို တစ်ဦးချင်းဆုတံဆိပ်များ၊ ပထမဆု ငွေသားကျပ်သုံးသိန်းနှင့် ဆုဖလားအား အင်းတော် မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်ကလည်းကောင်း အသီးသီးဆုများ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ( ၇၇ ) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယနှင့် ဒုတိယဆုရရှိခဲ့သော အသင်းများကို မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပထမဆုရရှိခဲ့သော သောင်းစိုးအသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဆုချီးမြှင့်ငွေနှင့် ဆုဖလားအားအင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးစံတင်ဦးကလည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒိုင်လူကြီးများအောင်ပွဲရ အားကစားသမားများစုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ
မြို့နယ် (ပြန်/ဆက်)