ဒေးဒရဲ ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို မြို့နယ်ပြည်သူ့အားကစားကွင်းသစ်ကြီးတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲ (၄)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား အဆင့်အတန်းမြင့်မားရေး၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး ရည်ရွယ်၍ (၇၇)နှစ် မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပခြင်းဖြစ်ပြီး ဌာနဆိုင်ရာ ကိုယ်စားပြုအသင်းနှင့် ရပ်ကွက်၊ ကျေးရွာကိုယ်စားပြုအသင်း စုစုပေါင်း (၆) သင်း ပါဝင် ယှဥ်ပြိုင်ကစားခဲ့ရာ ဌာနဆိုင်ရာကိုယ်စားပြု ရွှေရောင်လွှမ်းအသင်းက ကျေးရွာအုပ်စု ကိုယ်စားပြု ရွှေနေ့သစ်အသင်းကို (၂)ဂိုး၊ (၀)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ဆုပေးအပ်ချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များက ဆုရရှိသည့် အသင်းများအား ဂုဏ်ပြုဆုများပေးအပ်ခဲ့ပြီး ပထမဆုရရှိသည့် ရွှေရောင်လွှမ်းအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း