နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community centre)အစည်းအဝေးခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community centre)အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ()နာရီအချိန်က Book Club နှင့် ပူးပေါင်း၍ မောင်မင်းစိုး၏ “မအောင်မြင်ခြင်းရဲ့ ဇာတ်မြစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့်စကားအတိုင်း ယနေ့လူငယ်လေးများသည် နောင်အနာဂတ်၏ ခေါင်းဆောင်များဟုဆိုလျှင် မှန်မည်ဖြစ်ပါကြောင်း၊ ရာထူး၊ စည်းစိမ်ဥစ္စာ၊ ရုပ်ရည်၊ စွမ်းရည်၊ စကားလုံးများကိုသာ လူတွေက အဓိကထား ယှဉ်ပြိုင်နေကြတာဖြစ်ပါကြောင်း၊ အမှန်တကယ်ဆိုလျှင် ကိုယ်ကျင့်တရား၊ ဘာသာရေးနှင့် အသိဉာဏ်၊ စိတ်ဓာတ်တည်ဆောက်မှု၊ အေးချမ်းမြင့်မြတ်မှုဆိုတာတွေ ယှဉ်ပြိုင်ရန် မေ့နေကြပါကြောင်း၊ ယှဉ်ပြိုင်ခြင်းကောင်းမွန်သော်လည်း ကောင်းမွန်သည့် ယှဉ်ပြိုင်မှုဖြစ်ရန် လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ ကျောင်းများမှာ မိမိသာအတော်ဆုံး၊ အလိမ္မာဆုံး၊ ယဉ်ကျေးဆုံး စသည့် ကောင်းသည့် ကိုယ်ကျင့်တရားတွေကိုသာ ယှဉ်ပြိုင်ကြရမှာဖြစ်ပါကြောင်း၊ အများအားဖြင့် ကိုယ့်ထက်သာမနာလိုဖြစ်တတ်ပြီး နောက်ဆုံး မလုပ်သင့်တာတွေလုပ်၍ မယှဉ်ပြိုင်သင့်တာတွေ ယှဉ်ပြိုင်မှုများ ဖြစ်လာတတ်သောကြောင့် မိမိတို့အနေဖြင့် ပြိုင်စရာလို့မသတ်မှတ်ဘဲ မုဒိတာပွားနိုင်ပြီး မိမိလုပ်ရမည့်အလုပ်ပေါ်မှာ တိုးတက်အောင် မသိမသာယှဉ်ပြိုင်ခြင်းကသာ ကောင်းမွန်သည့်ရလဒ်ဖြစ်ပါကြောင်း၊ သူတစ်ပါးမကောင်းသော်လည်း မိမိကောင်းခြင်းမျိုးသည် ယှဉ်ပြိုင်မှုဖြစ်သည့်အတွက် လူသားဆန်သည့် ယှဉ်ပြိုင်မှုမျိုးနှင့် ဘဝကို လှလှပပ ပုံဖော်သွားစေချင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါ်ဝင်းမေထွန်း(စာထောက်-၃)က “လူငယ်နဲ့ကိုယ်ချင်းစာစိတ်”ခေါင်းစဉ်ထဲမှ လူတိုင်း ကိုယ်ချင်းစာစိတ်တွေ ကိန်းအောင်နေမယ်ဆိုရင် ပျော်စရာကောင်းမှာဖြစ်သကဲ့သို့ ငြိမ်းချမ်းမှုဆီကိုလည်း ရောက်ရှိမှာဖြစ်ပါကြောင်း၊ လူသားအသိစိတ်ဓာတ်နှင့် အသိဉာဏ်တွေဖြင့် နေထိုင်နိုင်မှသာ တကယ့်လူသားတစ်ယောက် ပီပီသသဖြစ်နေမှာဖြစ်သောကြောင့် ကိုယ်ချင်းစာစိတ်နှင့် ပရဟိတအကျိုးကိုလည်း စွမ်းစွမ်းတမံ တည်ဆောင်နိုင်ကြရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

မူမူစန်း