ပွင့်ဖြူ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များသို့ သွားရောက်ကာ စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ ပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ တရားမဝင် လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က လူသုံးကုန်နှင့် စားသောက်ကုန်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသခံပြည်သူများ ကျန်းမာရေး ဘေးကင်းလုံခြုံစေရေးအတွက် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော လူသုံးကုန်ပစ္စည်းများနှင့် ကျန်းမာရေးဆိုးကျိုးဖြစ်စေနိုင်သော စားသောက်ကုန်ပစ္စည်းများကို ကုန်စုံဆိုင်များတွင် ရောင်းချခြင်းမပြုရန်နှင့် ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)