ဒေးဒရဲ ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ အပတ်စဥ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ(၁၂)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အချိန်မီပြီးစီးရေး သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေ အာဂုံ၊ ရေးဖြေစာမေးပွဲကြီး ကျင်းပပြီးစီးရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ နွေစပါးနှင့် ဆောင်းနေကြာ စိုက်ဧကများ ဖြစ်ထွန်းအောင်မြင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ မြို့ပေါ်ရပ်ကွက်လမ်းများနှင့် ကျေးရွာလမ်းများ၊ သာသနိက အဆောက်အဦများ သန့်ရှင်းသာယာရေး ဆောင်ရွက်သွားရန်၊ ဒေသထွက်ကုန်များကို ကုန်ချောထုတ်လုပ်၍ ပြည်သူများ ဝင်ငွေတိုးတက်ရေး ဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် သက်ဆိုင်ရာ ဌာနများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အခြေခံပညာကျောင်းများ ဆောက်လုပ်ပြီးစီးမှု၊ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်နေမှု၊ နွေစပါးစိုက်ဧကများအတွက် သွင်းအားစုများ ထောက်ပံ့ပြီးစီးမှုများနှင့် ပြည်သူများတင်ပြလာသည့် အခက်အခဲများအား သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်ပြီးစီးမှု ကဏ္ဍများအား တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်ချက်များနှင့် အခက်အခဲများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက ပြည်သူများတင်ပြလာသည့် အခက်အခဲများအား အပတ်စဥ် ညှိနှိုင်းဆွေးနွေး၍ သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)