ပခုက္ကူမူလတန်းကြိုကျောင်း၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကျင်းပ

ပခုက္ကူ ဖေဖော်ဝါရီ ၁၄

၂၀၂၄ခုနှစ်၊ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်၉နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက “မြန်မာနိုင်ငံကလေးများနေ့ကို ၁၉၈၀ ခုနှစ်မှ စတင်ပြီး ကလေးသူငယ်များ၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများကို မြှင့်တင်ပေးသည့်လုပ်ငန်းတစ်ခုအဖြစ် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့်ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် နှစ်စဉ်ကျင်းပလျက်ရှိပြီး အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်စသည့် ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များဖြစ်သည့် မူကြိုကလေးဘဝမှစ၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ အဆင့်မြင့်ပညာရေးအထိ နိုင်ငံတော်၏စံပြပုဂ္ဂိုလ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် နိုင်ငံဂုဏ်တို့ကို ဖော်ဆောင်နိုင်သော လူတော်လူကောင်းများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပျိုးထောင်ပေးလျက်ရှိကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူရင်သွေးငယ်လေးများက ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း၊ ကလေးသီချင်း၊ ကဗျာနှင့် ပုံပြင်များဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ဆုများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)