အများပြည်သူအလုပ်ပိတ်ရက်ကာလတွင် ချောင်းသာကမ်းခြေ၌ လာရောက်အပမ်းဖြေလည်ပတ်သူများဖြင့် စည်ကားများပြား

ချောင်းသာ ဖေဖော်ဝါရီ ၁၄

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ချောင်းသာကမ်းခြေ၌ အများပြည်သူ အလုပ်ပိတ်ရက်ကာလတွင် ပြည်တွင်း၊ ပြည်ပအနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

“အစိုးရ၊ ပုဂ္ဂလိက ပိတ်ရက်ဖြစ်လို့ လာလည်ပတ်သူတွေအရမ်းများတယ် ပြောရမှာပါ။ ဒီကမ်းခြေမှာ က နေ့ကြီး၊ ရက်ကြီးတွေ အလုပ်ပိတ်ရက် ရက်ရှည်တွေဆိုရင် ပိုပြီးတော့စည်ကားပါတယ်။ ကျတော် တို့လို ကမ်းခြေစျေးရောင်းသူတွေအတွက်ကတော့ ခုလိုရက်မျိုးမှာ အရမ်းရောင်းတယ်ပြောရမှာပါ။ ကလေးတွေ စာမေးပွဲဖြေပြီးချိန်တွေမှာလည်း လာရောက်လည်ပတ်အပမ်းဖြေကြတာတွေရှိတော့ နောက်ရက်တွေဆိုရင် နေ့စဉ်စည်ကားလာနိုင်ကြောင်း ကမ်းခြေတွင် စျေးရောင်းချလုပ်ငန်း လုပ်ကိုင်သူ ဦးဆန်းမင်းက ပြောသည်။

ချောင်းသာမြို့သို့ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များသည် ချောင်းသာကမ်းခြေတွင်အပမ်းဖြေ အနားယူခြင်းများအပြင် ကမ်းခြေအနီးရှိ ဖိုးကလားကျွန်း၊ သဲဖြူကျွန်းတို့သို့ စက်လှေ၊ မော်တော် ဘုတ်များဖြင့်လည်းကောင်း၊ ချောင်းသာမြို့နှင့် ရွှေသောင်ယံကမ်းခြေ၊ ကျောက်မောင်နှစ်မနှင့် Sea @Lake Garden သို့ ကား၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်များဖြင့်လည်းကောင်း  သွားရောက်လည်ပတ်မှုများလည်းရှိကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)