သရက် ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် ယမန်နေ့ မွန်းလွဲ(၁)နာရီက ရေဖြူဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)က တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို ပြောကြားပေးခဲ့သည်။
ထို့နောက် မြို့မရဲစခန်းမှူးက နယ်မြေလုံခြုံရေးနှင့် မှုခင်းကျဆင်းရေးတို့ကို ပြောကြားပေးခဲ့ပြီး မြို့နယ်ပညာရေးမှူးက စာမေးပွဲဖြေရက်ဖြစ်သဖြင့် ကျောင်းသားမိဘများအနေဖြင့် မိမိတို့သားသမီးများအား ကျောင်းပို့ကျောင်းကြိုဆောင်ရွက်ပေးကြရန် ပြောကြားပေးခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် သက်ဆိုင်သည်များကို ပြောကြားပေးခဲ့ပြီး ကျေးရွာနေပြည်သူများမှ တင်ပြလာသည့် ပတ္တမြားလမ်းခွဲ ထပ်ပိုးမြေနီလမ်းခင်းခြင်းနှင့်ပတ်သက်၍ တင်ပြဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)