မြန်အောင်မြို့နယ် သရက်တောကျေးရွာအုပ်စု ရေလဲကျေးရွာ၌ မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်တစ်လုံးမီးလောင်မှုဖြစ် ပွား

မြန်အောင် ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သရက်တောကျေးရွာအုပ်စု ရေလဲကျေးရွာ၌ ယမန်နေ့ နေ့လယ် ၂ နာရီခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် ရွှေကျင်နယ်မြေမီးသတ်စခန်းမှ ၄ မိုင်ခန့်ကွာဝေးသော သရက်တောကျေးရွာအုပ်စု ရေလဲကျေးရွာနေ ဦးခင်စိုး နေအိမ် (သွပ်မိုးထရံကာဝါးခင်း) ၌ နေ့လည် ၂ နာရီခန့်က မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ရွှေကျင်နယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီးမြတ်ထွန်း နှင့် သန္ဓေတပ်ဖွဲ့ဝင် (၄) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးတို့သည် မီးသတ်ယာဥ်တစ်စီးဖြင့် ကျေးရွာပြည်သူများနှင့်အတူ မီးငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် (၈၀၀၀၀) ခန့်ရှိကြောင်း၊ လူနှင့်တိရိစ္ဆာန်ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် အိမ်ရှင်ဦးခင်စိုးအား မြန်အောင်မြို့နယ် ရွှေကျင်နယ်မြေရဲစခန်းမှ ပုဒ်မ (၂၈၅) ပ-၁၀/၂၀၂၄ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)