ဘိုကလေးမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဘိုကလေး ဖေ‌ဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်း အမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲအား ဇန်နဝါရီ(၂၂)ရက်နေ့တွင် မြို့နယ်အောက်ပိုင်းဘောလုံး အားကစားကွင်း၌ စတင်ဖွင့်လှစ်ကျင်းပခဲ့ရာ ဖေဖော်ဝါရီလ(၁၂)ရက် ပြည်ထောင်စုနေ့ နေ့လယ်(၂)နာရီခွဲအချိန်၌ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ဆော့ကစားခဲ့ပြီး ညနေ (၄)နာရီခွဲအချိန်၌ ဆုချီးမြှင့်ပွဲကျင်းပဆောင်ရွက်သည်။   

အဆိုပါ ဘောလုံးယှဉ်ပြိုင်ပွဲသို့ (က)အုပ်စုအဖြစ် ကြိမ်ချောင်းကြီးအသင်း၊ မြင်းကကုန်းအသင်း၊ ပိုက်စလအသင်း၊ ရွာသစ်အသင်း၊ မြိုမ(ခ)အသင်း၊ (ခ)အုပ်စုအဖြစ် ဘုရားချောင်းအသင်း၊ ဖိုးဒီကွဲအသင်း၊ ဒေါင့်ကြီးအသင်း၊ မြို့မ(က)အသင်း စုစုပေါင်း (၉)သင်းတို့ပါဝင် ယှဉ်ပြိုင်ကစားကြပြီး အုပ်စုပတ်လည်ပွဲများ၊ အကြိုဗိုလ်လုပွဲ များအား ဇန်နဝါရီ (၂၂)ရက်နေ့မှစတင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် တတိယလုပွဲအား  ဖေဖော်ဝါရီ (၁၁)ရက်နေ့တွင် ကျင်းပရာ ကစားမှုရလဒ်အရ တတိယဆုအား မြို့မ(ခ)အသင်းမှဆွတ်ခူးရှိကြောင်းနှင့် ယနေ့ကျင်းပသည့် မြင်းကကုန်းအသင်းနှင့် ဘုရားချောင်းအသင်းတို့ ဗိုလ်လုယှဉ်ပြိုင်ခဲ့ကြရာ ပထမဆုအား မြင်းကကုန်းအသင်းက လည်းကောင်း၊ ဒုတိယဆုအား ဘုရားချောင်းအသင်းတို့မှ အသီးသီးဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနေ့တွင် ကျင်းပသည့် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲသို့ ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ အားကစားသမားများနှင့် ဘောလုံးဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ကြကြောင်းနှင့် ဆုချီးမြှင့်ပွဲတွင် ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ အပါအဝင် တာဝန်ရှိသူများက အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်း ကစားသမားဆု၊ အကောင်းဆုံးအလယ်တန်း ကစားသမားဆု၊ အကောင်းဆုံးရှေ့တန်းကစားသမားဆု၊ ဂိုးသွင်းအများဆုံး ကစားသမားဆု၊ အကောင်းဆုံး ဘောလုံးသမားဆု၊ စိတ်ကြိုက်ကစားသမားဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး တတိယဆုရရှိသော မြို့မ(ခ)အသင်း၊ ဒုတိယဆုရရှိသော ဘုရားချောင်းအသင်း၊ ပထမဆုရရှိသော မြင်းကကုန်း အသင်းတို့အား တစ်ဦးချင်းအလိုက် ဆုတံဆိပ်များပေးအပ်ခဲ့ပြီး အသင်းအလိုက် ငွေသားဆုနှင့် ဒိုင်းဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)