ပုသိမ် ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အလံတင်အခမ်းအနားအား ယမန်နေ့နံနက်၅နာရီခွဲ အချိန်က ကျောက်တိုင်အားကစားကွင်း၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက နေရာယူပြီးနောက် အလံတင်တပ်စုမှ တပ်ကြပ်ကြီးဦးဆောင်၍ နိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်းများဆောင်ရွက်ခဲ့ပြီး အလံတင်တပ်စုသည် စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားအား အဆိုပါကွင်း၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီစည်သူ ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီစည်သူ ဦးတင်မောင်ဝင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခဲ့ကာ ဂုဏ်ပြုတပ်ဖွဲ့မှသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂ဝ၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပေါင်းစုံ (အမျိုးသမီး) ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် လွန်ဆွဲပွဲတွင်ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အမျိုးသား (လူသစ်တန်း-တစ်ဦးချင်း) ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ အမျိုးသမီး (လူသစ်တန်း-တစ်ဦးချင်း) ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ အမျိုးသား (လူသစ်တန်း-နှစ်ယောက်တွဲ) ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသည့် အသင်းများ၊ အမျိုးသမီး (လူသစ်တန်း-နှစ်ယောက်တွဲ) ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အသင်းများ၊ အမျိုးသား (သာမန်တန်း-တစ်ဦးချင်း) ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ အမျိုးသမီး (သာမန်တန်း-တစ်ဦးချင်း) ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများနှင့် အမျိုးသား (သာမန်တန်း-နှစ်ယောက်တွဲ) ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်အသင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများကလည်းကောင်း၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအသင်းနှင့် ပထမဆုရရှိသည့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနအသင်းတို့အား ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးအသင်းနှင့် ပထမဆုရရှိသည့် တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်းဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSMEနှင့် ဌာနဆိုင်ရာပြခန်းများ ပြပွဲပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယခုလ (၁၁) ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း တွင်ပြုလုပ်ခဲ့ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြခန်းတာဝန်ခံများတက်ရောက်ခဲ့ကြသည်။
ဦးစွာ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအကအဖွဲ့များအား ဆုငွေများချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဌာနဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှု၍ သက်ဆိုင်ရာဌာနအလိုက် ခင်းကျင်းပြသထားရှိမှုများအား စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ပြီး ပြခန်းတာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာပြခန်းများ၊ ပုသိမ်ခရိုင် မြို့နယ်ပြခန်းများ၊ ကျုံပျော်ခရိုင်မြို့နယ်ပြခန်းများ၊ ဟင်္သာတခရိုင်မြို့နယ်ပြခန်းများ၊ မြန်အောင်ခရိုင်မြို့နယ်ပြခန်းများ၊ မြောင်းမြခရိုင်မြို့နယ်ပြခန်းများ၊ မအူပင်ခရိုင်မြို့နယ်ပြခန်းများ၊ ဖျာပုံခရိုင်မြို့နယ်ပြခန်းများ၊ လပွတ္တာခရိုင်မြို့နယ်ပြခန်းများမှ ခင်းကျင်းပြသထားသည့် MSME ထွက်ကုန်ပြခန်းများနှင့် ဒေသအစားအစာဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းဈေးကွက် သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး၊ ထုတ်ပိုးမှု ပိုမိုသေသပ်ကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများအား ယခုလ (၁၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ပြသသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာပြခန်းများ၊ ခရိုင်ရှစ်ခရိုင်မှ MSME ထွက်ကုန်ပြခန်းများနှင့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာစသည့် စိုက်ပျိုးရေးသွင်းအားစု ပြခန်းများ၊ ဒေသအစားအစာဆိုင်ခန်းများအပါအဝင် ပြခန်းစုစုပေါင်း (၁၀၀) ခန်း ပါဝင်ပြသသွားမည်ဖြစ်ကာ အများပြည်သူများ ဗဟုသုတရှာမှီးလေ့လာနိုင်စေရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)