ပွင့်ဖြူ ဖေဖော်ဝါရီ ၁၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတတိုးပွားပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့က ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး လူငယ်ရေးရာအသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာအသိပညာပေး ဆွေးနွေးဟောပြောရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ် အားကစားမှူး ဦးရန်လင်းအောင်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးပြီး ဘက်စုံထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် "လူငယ်နှင့် အားကစား" ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ အားကာသိပ္ပံသင်တန်းကျောင်းများသို့ တက်ရောက်သင်ကြားနိုင်သော အခွင့်အလမ်းများနှင့် တက်ရောက်လိုသူများ ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ဟောပြောသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်ရေးရာအသိပညာပေး ဆွေးနွေးဟောပြောချက်များနှင့် အားကာသိပ္ပံသင်တန်းကျောင်းသို့ တက်ရောက်လိုပါက ဆောင်ရွက်ရမည့်အချက်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင် ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် ကျောင်းသား၊ ကျောင်းသူ ၃၆၂ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)