(၁၀၉)နှစ်မြောက်၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ပုံတူပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

တနင်္သာရီ  ဖေဖော်ဝါရီ ၁၃

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် (၁၀၉) နှစ်မြောက်၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ အထိမ်းအမှတ် အဖြစ် ရည်စူး၍ ဟောပြောပွဲ၊ ပုံတူပန်းချီ ပြိုင်ပွဲ-ဆုချီးမြှင့်ပွဲ၊ အထိမ်းအမှတ် နံရံကပ်စာစောင် ပြပွဲ၊ ဓါတ်ပုံပြပွဲများ အခမ်းအနားကို  တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမအတွင်း ယနေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တပ်ဦး-အခြေခံပညာမူလတန်းကျောင်းမှ ဆရာမကြီး ဒေါ်မူမူအောင်နှင့် ဆရာမများ၊ GRADE-5 အတန်းမှ ကျောင်းသူ/သားများ စိတ်ဝင်တစား တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္တိများကို ကျောင်းသူ/သား လူ ငယ်လူရွယ်များသိရှိကြပြီး လေးစားအားကျ အတုယူလိုစိတ်၊ မျိုးချစ်စိတ်ဓါတ်များ ရှင်သန် ထက် မြက်လာစေရေးနှင့် အမိနိုင်ငံတော်ကို ပိုမိုထိန်းသိမ်းလိုစိတ်များ ရှင်သန်လာစေရေး ရည်ရွယ်ချက် များဖြင့် အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တပ်ဦး-အခြေခံပညာ မူလတန်းကျောင်း GRADE-5 အတန်းမှ ကျောင်းသူ/သား (၁၆)ဦးတို့က လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တစ်ပိုင်း ဓါတ်ပုံ-ပုံတူ ပန်းချီ ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရေးဆွဲခဲ့ကြသည်။

ဆက်လက်၍ နံနက် ၁၀ နာရီအချိန်တွင် ၎င်းပုံတူပန်းချီပြိုင်ပွဲမှ (ပထမ) (ဒုတိယ) (တတိယ) ဆုရရှိသည့် ကျောင်းသူ/သား(၃)ဦးတို့အား ဦးစီးအရာရှိ ဦးထိန်ဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးကြောင်း သိရှိရသည်။

ထို့နောက် Community Centre ခန်းမအတွင်း ခင်းကျင်းပြသထားသည့်  မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်များ/ အတ္ထုပတ္တိနှင့် မြို့နယ်အတွင်း လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို ကျောင်းသား/သူလေးများက စိတ်ဝင်တစား လေ့လာကြည့်ရှုကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)