စေတုတ္တရာမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များအား မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းခြင်းဆောင်ရွက်

စေတုတ္တရာ      နိုဝင်ဘာ      ၂ 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲ ဆန္ဒရှင်များ၏  ကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ် များ အား မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ ည (၇)နာရီအချိန်က မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များ ထည့်သွင်းခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းမြင့်က အဖွင့်မှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မူယာက မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင် ဆန္ဒမဲ လက်မှတ်စာအိတ်များအား မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မဲဆန္ဒနယ်ပြင်ပရောက် ပြည်ပကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များနှင့် ပြည်တွင်း ကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များအား  နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ၏ ရှေ့မှောက်တွင် မှတ်ပုံတင်ခြင်း ဆောင်ရွက်ပြီး သက်ဆိုင်ရာ ကြိုတင်မဲပုံးများထဲသို့ ထည့်သွင်းဆောင်ရွက်ခဲ့သည်။

မဲဆန္ဒနယ်ပြင်ပရောက် ပြည်ပကြိုတင်ဆန္ဒမဲပေးသူ(၃၂)ဦးနှင့် ပြည်တွင်းကြိုတင်ဆန္ဒမဲပေးသူ (၁၁) ဦးတို့၏ ကြိုတင်ဆန္ဒမဲ လက်မှတ်များအား ထည့်သွင်းခြင်းဖြစ်ပြီး ကြိုတင်မဲဆန္ဒရှင် ဆန္ဒမဲလက်မှတ် စာအိတ်များဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ်စာအိတ် (၄၃)အိတ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ်စာအိတ် (၄၃)အိတ်၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ်စာအိတ် (၂၆)အိတ်၊ တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စား လှယ် ဆန္ဒမဲလက်မှတ်စာအိတ် (၁၇)အိတ်နှင့် ချင်းတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ် စာအိတ် (၃၀) အိတ်တို့အား ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

စည်သူလွင်  (ပြန်/ဆက်)