(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်း မုံရွာမြို့၌ ဖွင့်လှစ်

မုံရွာ ဖေဖော်ဝါရီ ၁၃   

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးနည်းပညာများကို စဥ်ဆက်မပျက် လေ့လာသင်ယူနိုင်ပြီး အရည်အသွေးပြည့်ဝသော သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက  မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်  ‌ဖွင့်လှစ်ပေးခဲ့ရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးထွန်းရှိန်(စီမံ)၊ ဒုတိယညွှန်ကြားရေးမှူး  ဦးအောင်ကြည်ဝင်း(စိုက်ပညာ)၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ
  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းရှိန်(စီမံ)၊ ဒုတိယညွှန်ကြားရေးမှူး  ဦးအောင်ကြည်ဝင်း(စိုက်ပညာ)နှင့် တာဝန်ရှိသူများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲအား တက်ရောက်လာကြသော တောင်သူများနှင့်အတူ လှည့်လည်ကြည်ရှုအားပေးပြီး ပြိုင်ပွဲဝင်ယှဥ်ပြိုင်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်တို့အား တာဝန်ရှိသူတို့က အမှတ်ပေးအကဲဖြတ်ကြပြီး ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆုချီးမြှင့်ပွဲတွင် ဒုတိယညွှန်ကြားရေးမှူး  ဦးအောင်ကြည်ဝင်း(စိုက်ပညာ)က တောင်သူများ၏ ဒေသထွက်ကုန်များအား နိုင်ငံတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေးနှင့်  ပြည်တွင်း/ပြည်ပ ဈေးကွက်ခိုင်မာမှု ရှိစေရေးတို့နှင့် စပ်လျဥ်းပြီး အသေးစိတ် ရှင်းလင်းအမှာစကား ပြောကြားပြီးနောက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့‌နောက် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ တောင်သူနှင့် ဝန်ထမ်း(၃၅)ဦးအား ဆုများလက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။အဆိုပါ ပြပွဲ၊ ပြိုင်ပွဲများတွင် တက်ရောက်လာကြသော တောင်သူနှင့် ဝန်ထမ်းများက  ဒေသထွက် ပန်းမုံလာ၊ ခရမ်းသီး၊ ခရမ်းချဥ်သီး၊‌ ဂေါ်ဖီထုပ်၊ ငရုပ်၊ ကြက်သွန်နီ၊ ပဲတောင့်ရှည်၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး၊ ဘူးသီး၊ နှင်းဆီ၊ ရွက်လှ၊ ဂမုန်း၊ နံ့သာဖြူ၊ သနပ်ခါးစသော   စုစုပေါင်း ဒေသထွက်ကုန် အမျိုးပေါင်း(၄၈)မျိုး ထည့်သွင်းပြသထားရှိကြောင်း သိရသည်။
ယင်းနောက် သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် သဘာဝမြေဩဇာ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း ပညာပေး သင်တန်းဖွင့်ပွဲကို ဆက်လက်ကျင်းပရာ
  မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးသက်အောင် ဦးဆောင်သော တာဝန်ရှိသူများ‌က သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲ နည်းပညာများအပြင် နေကြာသီးနှံပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် လိုအပ်သည့် မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်း၊ ဒေသနှင့် ကိုက်ညီဖြစ်ထွန်းမည့်မျိုး ရွေးချယ်ခြင်း၊ စိုက်ချိန်၊ စိုက်စနစ်၊ စိုက်ကြောင်းအတိမ်အနက်၊ သွင်းအားစု ထည့်သွင်းအသုံးပြုခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းနှင့် စနစ်တကျ ရိတ်သိမ်းခြွေလှေ့ခြင်း စသည်များကို အသီးသီး ပညာပေးဆွေးနွေးခဲ့ပြီး သင်တန်းတွင် စိတ်ပါဝင်စားသူ ​ဒေသခံတောင်သူ (၃၅)ဦးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)