ပလောက် ဖေဖော်ဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်/ ကျေးရွာအုပ်စု ဖိတ်ခေါ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီခွဲ အချိန်က ပလောက်မြို့ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပရာ အမှတ်(၁၂) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ တပ်နယ်မှူး၊ အမှတ်(၃၀၉) အမြောက်တပ်ရင်းမှ တပ်ရင်းမှူး၊ အမှတ်(၂၈၀) ခြေလျင်တပ်ရင်းမှ တပ်ရင်းဗိုလ်ကြီး၊ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများ တက်ရောက်ကြသည်။
အမှတ်(၁၂) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ တပ်နယ်မှူးနှင့် တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာအုပ်စုဖိတ်ခေါ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သည့် အမှတ်(၁) ရပ်ကွက်အသင်းနှင့် အမှတ်(၃) ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ရှေ့တန်းအကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံး အားကစားသမားဆု၊ အနောက်တန်းအကောင်းဆုံး အားကစားသမားဆု၊ အကောင်းဆုံး ဂိုးသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ သန့်ရှင်းဆုံးဆုများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများက ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက အသီးသီး လက်ခံရယူကြသည်။
ထို့နောက် တတိယဆု ရရှိသည့် နန်းသီလာကျေးရွာအသင်း၊ ဒုတိယဆု ရရှိသည့် အမှတ်(၃)ရပ်ကွက် အသင်းတို့အား အဖွဲ့ဝင်များက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆု ရရှိသည့် အမှတ်(၁)ရပ်ကွက် အသင်းအား တပ်နယ်မှူးက တစ်ဦးချင်းဆုတံဆိပ်များ၊ တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စု ဖိတ်ခေါ် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂)ရက်နေ့အထိ ၊ မြို့မအားကစားကွင်း၌ ကျင်းပရာ အမျိုးသားဘောလုံးအသင်း(၁၁)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)