ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းဧက သုံးသောင်းကျော် စိုက်ပျိုးဆောင်ရွက်သွားမည်

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် နွေနှမ်းစိုက်ဧက သုံးသောင်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက သီးနှံစိုက်ပျိုး စွမ်းအားတိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်၊ ရေစုပ်စက်စနစ်နှင့် မြေအောက်ရေစနစ်တို့ဖြင့် စိုက်ပျိုးရေအကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ လျာထားစိုက်ပျိုးမှုအနေဖြင့် ဆည်ရေစနစ်ဖြင့် နွေနှမ်းစိုက်ဧက ၃၀၄၆၉ ဧက၊ လျှပ်စစ်ရေတင်စနစ်ဖြင့် နွေနှမ်းစိုက်ဧ ၇၁၂ ဧက၊ ရေစုပ်စက်စနစ်ဖြင့် နွေနှမ်းစိုက်ဧက ၂၆၃၆ ဧက၊ မြေအောက်ရေစနစ်ဖြင့် နွေနှမ်းစိုက်ဧက ၃၅၃၁ ဧက၊ စုစုပေါင်း နွေနှမ်းစိုက်ဧက ၃၇၃၄၈ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေဖို့၊ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေဖို့နဲ့ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် ရည်ရွယ်ပြီးတော့ ဆီထွက်သီးနှံဖြစ်တဲ့ နွေနှမ်းစိုက်ပျိုးခြင်းကို မဲဇလီရေလွှဲဆည်ရေဖြင့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာ စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်မြို့နယ်လုံး နွေနှမ်းစိုက်ဧက လျာထားမှုအနေနဲ့ဆိုရင် ၃၇၃၄၈ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးမယ့်နည်းစနစ်ကတော့ အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်၊ ရေစုပ်စက်စနစ်၊ မြေအောက်ရေစတဲ့ နည်းစနစ်များနဲ့ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဒီဒေသက နွေနှမ်းစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် နှစ်စဉ် နွေသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူအများစုက နွေနှမ်းကို အားထားစိုက်ပျိုးကြပါတယ်။ ဒေသခံတောင်သူတွေကိုလည်း နွေနှမ်းစိုက်ပျိုးရာ၌ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းစနစ်များနဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင် နယ်မြေအလိုက် ကွင်းဝန်ထမ်းများက တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒေသခံတောင်သူတွေ အဓိကစိုက်ပျိုးတဲ့ နှမ်းမျိုးတွေကတော့ စမုံနက်၊ သိပ္ပံနှမ်းနက်၊ ဆင်းရတနာ-၄ စတဲ့ နှမ်းမျိုးများကို အများဆုံးစိုက်ပျိုးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။ 

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းစိုက်ပျိုးမည့် ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် အခြေခံစိုက်ပျိုးရေးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ အနီးကပ်ကြီးကြပ်ကာ လိုအပ်သည်များကို ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံတောင်သူများ နွေနှမ်းအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို မတ်လ ၇ ရက်နေ့တွင် တောင်မုန်းမြောင်းမကြီးမှ တစ်ဆင့်စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)