ဟားခါး ဖေဖော်ဝါရီ ၁၃
၂၀၂၄ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးနေစိုး ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနား တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နံနက် ၈ နာရီခွဲတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက်ရှိ တော်လှန်ရေးပန်းခြံ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် ပြည်နယ်သံယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းတို့က တော်လှန်ရေးပန်းခြံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်လိုက်သည့် တော်လှန်ရေးပန်းခြံ၏ သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်ပါက (၁၉၁၄) ခုနှစ် ပထမကမ္ဘာစစ်ဖြစ်ပွားပြီးနောက် (၁၉၁၆) ခုနှစ် တွင် ပြင်သစ်နိုင်ငံသို့ အလုပ်သမားစေလွှတ်ရေးအတွက် တီးတိန်နယ်၊ ဖလမ်းနယ်နှင့် ဟားခါးနယ်ရှိ အားကောင်းမောင်းသန် အမျိုးသားကောင်းများ စာရင်းကောက်ယူခြင်းကို မကျေနပ်သည့်အတွက် (၁၉၁၈) ခုနှစ်တွင် နယ်ချဲ့ဗြိတသျှအစိုးရကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဟားခါးနယ်ရှိ တိုက်သူကြီးများကို မတရားဖမ်းဆီးပြီး အင်္ဂလိပ်အစိုးရကို တော်လှန်တိုက်ခိုက်သည့် ကျေးရွာများကို မိမိတို့စရိတ်ဖြင့် ယနေ့ဖွင့်လှစ်သည့် တော်လှန်ရေးရေကန် တူးဖော်စေကာ (၁၉၂၁) ခုနှစ်တွင် အပြီးသတ် တူးဖော်နိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ အင်္ဂလိပ်အစိုးရမှ မတရားစေခိုင်း တူးဖော်စေခဲ့သည့် တော်လှန်ရေးရေကန်ကို နောင်လာနောက်သားများ အမြဲအမှတ်ရစေရန် ဆက်လက်ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပန်းခြံပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက ရှင်းလင်းတင်ပြခဲ့ပြီး ပန်းခြံရှေ့တွင်း စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပန်းခြံအား လည့်လှည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)