ငွေဆောင် ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၏ အထင်ကရတစ်ခုဖြစ်သော ငွေဆောင်ကမ်းခြေ၌ ယမန်နေ့၊ ပြည်ထောင်စုနေ့အပါအဝင် အစိုးရရုံးပိတ်ရက် (၃)ရက်၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားသိုက်မြှိက်ခဲ့ကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားခြင်း ၊ သဲသောင်ပြင်သန့်ရှင်းခြင်း ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားရာ ဒေသတစ်ခုဖြစ်ပြီး ငွေဆောင်မြို့ထဲရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင် စျေးဝယ်ယူနေကြသူများ၊ ကမ်းခြေတွင် လမ်းလျှောက်ကြသူများ၊ အပန်းဖြေနေကြသူများ၊ ရေကူးကြသူများ၊ (speedboat,BananaBoat) စီးကြသူများ၊ ငွေဆောင်၏ အထင်ကရ ကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူ၊ မိုးမခဆင်စခန်းနှင့် (Ngwe Square)သို့ သွားရောက်လည်ပတ်ကြသူများဖြင့် စည်ကားသိုက်မြှိက်ခဲ့ကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေတွင် ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရေး၊ လုံခြုံမှုရှိစေရေး၊ ယာဥ်ကြောပိတ်ဆို့မှု မဖြစ်စေရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးများ၊ ပြည်သူ့စစ်များမှ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် လုံခြုံရေးများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ကမ်းခြေသန့်ရှင်းသာယာလှပရေး၊ ကမ်းခြေစျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှုရှိစေရေးတို့အတွက် ညွှန်ကြားချက်များ ထုတ်ပြန်ထားကာ ရံဖန်ရံခါ ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ငွေဆောင် (ပြန်/ဆက်)