ပွင့်ဖြူမြို့နယ်၌  မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေပြည့်အမှတ်ထက် ၂ ဒသမ ၇၀ ပေ ဆက်လက် ရေကျော်ကျလျက်ရှိ

ပွင့်ဖြူ နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း အောက်တိုဘာ ၃၀ ရက် ညနေပိုင်းမှ စတင်၍ နိုဝင်ဘာ ၁ ရက်နေ့အထိ မိုးရွာသွန်းခဲ့ သည့်အတွက် ကြီးအုံကြီးဝတမံအတွင်း ရေဝင်ရောက်မှုတိုးလာခဲ့ပြီး ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ယင်း တမံရေပြည့် အမှတ်ဖြစ်သည့် ၃၄၀ ပေ ထက် ရေပိုလွှဲမှ ၂ ဒသမ ၇၀ ပေ ဆက်လက် ရေကျော်ကျလျက်ရှိနေကြောင်း အဆိုပါကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင် ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုးရွာသွန်းမှုအနေဖြင့် အောက်တိုဘာ ၃၀ ရက်နေ့က မိုးရေချိန်( ၁ ဒသမ ၃၂ ) လက်မ ၊ အောက်တိုဘာ ၃၁  ရက် နေ့တွင် မိုးရေချိန် ( သုည ဒသမ ၃၆ ) လက်မ  အသီးသီး ရွာသွန်းခဲ့သဖြင့် ကြီးအုံကြီးဝတမံအတွင်း ရေဝင်ရောက်မှု တိုးလာခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့တွင်  သတ်မှတ်ထားသော တမံရေပြည့်အမှတ် ၃၄၀ ပေ ထက် ရေပိုလွှဲမှ     ( ၂ ဒသမ ၃၀ ) ပေ ရေကျော်ကျမှု ရှိခဲ့ပြီး ယမန်နေ့ညပိုင်းက မိုးဆက်လက်ရွာသွန်းခဲ့သဖြင့် တမံအတွင်းရေဝင်ရောက်မှု ထပ်မံတိုးလာသည့်အတွက် ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ယင်းတမံရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ( ၂ ဒသမ ၇၀ ) ပေခန့် ဆက်လက်ရေကျော်ကျနေကြောင်း သိရသည်။ သို့သော် အဆိုပါ ရေကျော်ကျမှုမှာ ဒေသခံပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်းနှင့် တမံရေပိုလွှဲမှ ရေကျော်ကျနေမှုနှင့် ပက်သက်ပြီး ပြည်သူများ သိရှိနိုင်ရန် အချိန်နှင့် တစ်ပြေးညီ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ထား ရှိကြောင်း ပွင့်ဖြူမြို့နယ်ကြီးအုံကြီးဝတမံမှ အငယ်တန်း အင်ဂျင်နီယာ ဦးစိုးလင်းအောင် က ပြောကြားခဲ့သည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )