ပုလဲ နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်အောင်သည် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦး၊ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၁နာရီခွဲအချိန်က ရောက်ရှိခဲ့ပြီး တောင်ပိုင်းရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့်မြောက်ပိုင်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်၍ အသက် ( ၆၀ )နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်း လိုအပ်ချက် များကို တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် ပုလဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပွဲကို ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်( စစ်ကိုင်းတိုင်း ဒေသကြီးတာဝန်ခံ ) ဦးမြင့်အောင်က အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းကြည်နှင့်အဖွဲ့ဝင်များက ၂၀၂၀ပြည့်နှစ်၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်း တင်ပြခဲ့ပြီး တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက တိုင်းဒေသကြီးအတွင်း ၂၀၂၀ပြည့်နှစ်၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဖြည့်စွက်တင်ပြခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်အောင်က ရှင်းလင်း တင်ပြချက် များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံ များကို ပြန်လည်ဆွေးနွေး ခဲ့ကြောင်းနှင့် ပုလဲမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၉)အုပ်စုရှိပြီး ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ ၁၆၁ ရုံ သတ်မှတ်ထားရှိပြီး မဲဆန္ဒရှင်ပေါင်း ၁၂၆၀၀၀ကျော် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)