အိမ်မဲ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ လွတ်လပ်ရေး ကျောက်တိုင်ပန်းခြံတွင် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၇)နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး (ခေတ္တ) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား စုပေါင်းအလေးပြုခဲ့ ကြသည်။
ထို့နောက်သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၄ ခုနှစ် (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူး အောင်သွင်စိုးက ဖတ်ကြားပေးခဲ့သည်။
ယင်းနောက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာဆုရ ကျောင်းသား/သူ (၁၅)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲ များက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)