ဂန့်ဂေါ ဖေဖော်ဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ဖတ်ကြားခဲ့သည်။
ထို့နောက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သည့် ကျောင်းသား/သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အောင်ဇော်ဝင်းနှင့် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်တို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)