(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျုံပျော်မြို့နယ်တွင် ကြို့ကုန်း-သောင်ရွာ ချောင်းကျောက်ရော မြေလမ်းဖွင့်ပွဲကျင်းပ

ကျုံပျော် ဖေဖော်ဝါရီ ၁၂

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သောင်ရွာကျေးရွာအုပ်စုရှိ ကြို့ကုန်း-သောင်ရွာ ချောင်းကျောက်ရောမြေလမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါလမ်း မုခ်ဦးရှိရာ ကြို့ကုန်းကျေးရွာ မူလတန်းလွန်ကျောင်းရှေ့၌ ပြုလုပ်သည်။

ရှေးဦးစွာ လမ်းအား ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေအောင်၊ အဖွဲ့ဝင်(၂) မန်းမြင့်ကြယ်နှင့် အတွင်းရေးမှူး ရဲမှူး တင်လှိုင်တို့က ဖဲကြို့းဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် လမ်းအားကြည့်ရှုစစ်ဆေးပြီး ဖွင့်ပွဲတက်ရောက်ကြသည့် ကျေးရွာသူ၊ ကျေးရွာသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါလမ်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း (ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ) ကျပ်သိန်း (၃၉၀)ဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် ၁ မိုင် ၁ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၄ လက်မ‌ဖြစ်ကာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါလမ်း ‌ဆောင်ရွက်ပြီးစီးသည့်အတွက်  ကျေးရွာ (၈)ရွာ၊ အိမ်ခြေ (၇၈၂)အိမ်ရှိ လူဦးရေ (၂၇၇၅) ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူရရှိမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)