ဘားအံ ဖေဖော်ဝါရီ ၁၂
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံစက်မှုဇုန်၊ ဇုန်အမှတ် (၂)၌ ရင်းနှီးမြှုပ်နှံမှုငွေကျပ်သိန်း(၅၀၀၀)ဖြင့် လျာထားတည်ဆောက်ခဲ့သော ACC စောငမန်းရာဘာသစ်ပါးလွှာစက်ရုံဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါစက်ရုံ၌ ကျင်းပသည်။
ရာဘာသစ်ပါးလွှာစက်ရုံဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်တွင် ရာဘာစိုက်ပျိုးဧက(၂၇၀၀၀၀)ကျော်ရှိပြီး သက်တမ်းကုန်၍ အစေးမထွက်နိုင်တော့သည့် ရာဘာပင်အိုများအား ဒေသတွင်းထင်းအဖြစ်လည်းကောင်း၊ မွန်ပြည်နယ်ဘီးလင်းမြို့ရှိ Rubber အထပ်သားစက်ရုံသို့လုံးတန်၊ ပေတန်ဖြင့်လည်းကောင်း တင်ပို့ရောင်းချခဲ့ကြရာ ယခုကဲ့သို့ ရာဘာသစ်ပါးလွှာစက်ရုံတည်ဆောက်ခြင်းအားဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်ရောင်းချ နိုင်တော့မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရာဘာသစ်ပါးလွှာစက်ရုံတည်ဆောက်လည်ပတ်နိုင်ခြင်းသည် ကရင်ပြည်နယ်မှ ဆောင်ရွက်နေသည့် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု(OROP)အစီအစဉ်ကိုလည်း အထောက်အကူပြုသည့်လုပ်ဆောင် ချက်တစ်ရပ်ဖြစ်ပြီး စက်မှုလုပ်ငန်းကဏ္ဍ၏ မူဝါဒများနှင့်ကိုက်ညီပြီး ဆန်းသစ်တီထွင်မှုနှင့်နည်းပညာများကို ဆက်လက်တိုးမြှင့်သွားရန်လိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း ဒေသတွင်းရှိ အရင်းအမြစ်များကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များအထိ ထိုးဖောက်ရရှိစေရန် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဘားအံစက်မှုဇုန်ဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က စက်မှုဇုန်ဆိုင်ရာအချက်အလက်များ၊ ရာဘာသစ်ပါးလွှာစက်ရုံဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ရာဘာသစ်ပါးလွှာစက်ရုံလုပ်ငန်းရှင်က စက်ရုံတည်ဆောက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ စက်ရုံဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အဆိုပါစက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ACC စောငမန်းရာဘာသစ်ပါးလွှာစက်ရုံရှိ အထပ်သားအခွံခွာအကြမ်းစက်၊ အထပ်သားအချောစက်၊ ဓါးသွေးစက်၊ ဖိသိပ်ထုတ်ပိုးစက်များဖြင့် ရာဘာသစ်ပါးလွှာထုတ်လုပ်ပုံအဆင့်ဆင့်နှင့် အရည်အသွေးခွဲခြား ပါကင်ထုတ်ပိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ရာဘာသစ်ပါးလွှာထုတ်လုပ်ရာမှ ရာဘာအထပ်သား၊ ကြိတ်သား၊ သုံးထပ်သား၊ ငါးထပ်သား၊ ရာဘာသစ်အချောထည်ပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံသို့ အဆင့်တိုးမြှင့်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြစေလိုကြောင်း မှာကြားသည်။
ဘားအံစက်မှုဇုန်သည် (၉၆၉)ဧကကျယ်ဝန်းပြီး လည်ပတ်နေသည့် စက်ရုံ(၂၇)ရုံနှင့် တည်ဆောက်ဆဲ စက်ရုံ(၁၄)ရုံရှိကာ ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရေရရှိရေးအစရှိသည့် Infrastructure ပိုင်းကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)