ဘားအံ ဖေဖော်ဝါရီ ၁၂
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စုစုပေါင်းငွေကျပ် ၂၃၅၉ ဒဿမ ၁၅၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားသော ဘားအံမြို့နယ်၊ မိဇံဝက်နှင့် ဆိတ်မွေးမြူရေးဇုန်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီက စက်မှုဇုန်အနောက်ဘက် မိဇံကျေးရွာ၊ ပတုပ် စားကျက်ကွင်းနှင့် ပတုပ်တောင်ကွင်းရှိ အဆိုပါမွေးမြူရေးဇုန်တည်နေရာ၌ ကျင်းပခဲ့သည်။
မွေးမြူရေးဇုန်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း တိုးတက် လာသော လူဦးရေနှင့် အညီ စားသုံးမှုပိုမိုမြင့်တက်လာသည့်အတွက် အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်လာစေရန်၊ ရေတိုအချိန်အတွင်း အသားထုတ်လုပ်မှုပမာဏကြီးစွာပေးသော ဝက်နှင့် ဆိတ်များ ပိုမိုမွေးမြူလာစေရန်၊ ပိုလျှံလာသည့်မွေးမြူရေး ထုတ်ကုန်များကို ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်ရန်ရည်ရွယ်ပြီး ယခုမွေးမြူရေးဇုန်ကို တည်ထောင်ရခြင်းဖြစ်ကြောင်း၊ မိဇံမွေးမြူရေးဇုန် တွင် (၄၉ ဒဿမ ၀၇) ဧက ကျယ်ဝန်းသော ဝက်မွေးမြူရေးဇုန်နှင့် (၄၉ ဒဿမ ၃၁) ဧက ကျယ်ဝန်း သော ဆိတ်မွေးမြူရေးဇုန်တို့ ပါဝင်ပြီး စွမ်းအားပြည့်မွေးမြူမည်ဆိုပါက ဝက်ကောင်ရေ (၂၇၅၀) ကျော်နှင့် ဆိတ်ကောင်ရေ (၁၇၀၀) ကျော် မွေးမြူနိုင်မည်ဖြစ်ရာ မွေးမြူရေးလုပ်ငန်းရှင်များ အနေဖြင့် ကာယအား၊ ဉာဏအားများ စိုက်ထုတ်ပြီး သတ်မှတ်စည်းကမ်းချက်၊ ညွှန်ကြားချက်များနှင့် အညီ ကြိုးစားမွေးမြူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာတင်နွယ်ရီက မိဇံ မွေးမြူရေးဇုန် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က မိဇံမွေးမြူရေးဇုန်တည်ထောင်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းရှင်များအတွက် ငွေကျပ်သိန်း(၄၅၀)တန်ဖိုးရှိ မျိုးကောင်းမျိုးသန့်ဝက်နှင့် ဆိတ်(၂၀၀)ကောင်ကို မတည်ထောက်ပံ့ ပေးအပ်ရာ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
မိဇံမွေးမြူရေးဇုန်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ရာ ဆိတ်မွေးမြူရန် အကွက်ပေါင်း(၄၁)ကွက်၊ ဝက်မွေးမြူရန် အကွက်ပေါင်း(၇၂)ကွက် ဖော်ထုတ် ထားရှိပြီး လက်ရှိတွင် ဝက်မွေးမြူရေးလုပ်ငန်းရှင်(၁၇)ဦးမှ မြေကွက်(၄၈)ကွက်၌ မြေဩဇာစက်ရုံ (၁)ရုံ၊ အစာဆိုင်(၁)ဆိုင်၊ ဝက်ကောင်ရေ (၉၂၈)ကောင်၊ ဆိတ်မွေးမြူရေးလုပ်ငန်းရှင် (၁၈)ဦးမှ မြေကွက်(၃၅)ကွက်တွင် အစာဆိုင်(၁)ဆိုင်၊ ဆိတ်ကောင်ရေ (၅၇၇)ကောင် မွေးမြူလျက်ရှိသည်။
အဆိုပါ မွေးမြူရေးဇုန်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ဇုန်ကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိဇံမွေးမြူရေးဇုန်ဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိဇံမွေးမြူရေးဇုန်အထိမ်းအမှတ် ပြခန်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ပြခန်းတို့တွင် ခင်ကျင်းပြထားသော ဝက်မေထုန်မဲ့သားစပ်ပစ္စည်းများ၊ အစာကြိတ်စက်၊ မြက်ဖြတ်ပစ္စည်း၊ တိရစ္ဆာန်ဆေးဝါးနှင့် အစားအစာများ၊ ဘားအံခရိုင်အတွင်းရှိ မွေးမြူရေးဇုန်များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိဇံမွေးမြူရေးဇုန်ရှိ မွေးမြူရေးတောင်သူများ၏ ဝက်မွေးမြူရေးခြံများ၊ ဆိတ်မွေးမြူရေးခြံများ၊ အစာဆိုင်နှင့် သဘာဝမြေဩဇာစက်ရုံတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး မိဇံမွေးမြူရေးဇုန်သည် အစာအဟာရပြည့်ဝသော၊ ဇီဝလုံခြုံမှု နှင့် ကူးစက်ရောဂါထိန်းချုပ်မှုများကို စနစ်တကျစီမံခန့်ခွဲနိုင်သော တိရိစ္ဆာန်များ သက်တောင့်သက်သာစွာ နေနိုင်စားသောက်နိုင်ရေး (animal welfare) နှင့် အညီ အဆောက်အဦများကို တည်ဆောက်မွေးမြူစေပြီး စိုက်ပျိုးရိတ်သိမ်းကျွေးမွေးသည့် (Cut & Carry) စနစ်ကို ကျင့်သုံးသွား မည့် မွေးမြူရေးဇုန်တစ်ခုဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)